ဒီ blog က ကျွန်တော်သိထား၊ တတ်ထားတဲ့ နည်းပညာအကြောင်းတွေနဲ့ တခြားပြောပြချင်တဲ့အကြောင်းအရာတွေကို ပြောပြဖို့ နေရာတစ်ခုအဖြစ် ဖန်တီးလိုက်တာပါ။
၂ နှစ်လောက် Facebook လုံးဝမသုံးတော့ဘဲ၊ တခြားလူမှုကွန်ယက်တွေကိုလဲ လျှော့သုံးလိုက်တော့ တော်တော်များများနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒီနှစ်တွေမှာ ပွဲတွေလည်း မတက်ဖြစ်ဘဲ၊ virtual conference တွေအတွက်စကားပြောဖို့လာခေါ်ရင်တောင် မပြောဖြစ်ခဲ့ဘူး။ နဂိုတည်းက အသိမိတ်ဆွေတွေနဲ့ တကူးတကချိန်းပြီး အပြင်မှာတွေ့တာမျိုးလဲ လုပ်လေ့ရှိတဲ့သူမဟုတ်တော့ တော်တော်လေး အဆက်ပြတ်သွားတယ်ဆိုပါတော့။
တစ်ချို့မိတ်ဆွေတွေဆိုရင် ကျွန်တော့်ကို အလုပ်တွေအကုန်ရပ်ပြီး အနားယူသွားပြီတောင်ထင်နေကြတာ။ လူမှုကွန်ယက်ကို လုံးဝမသုံးဘဲရပ်လိုက်တာက ကိုယ့်အတွက် ကောင်းကျိုးတွေ အများကြီးရှိပေမယ့်၊ အဲဒီလိုတချို့အားနည်းချက်လေးတွေတော့ ရှိခဲ့တာပေါ့။ အခုလည်း Facebook ကို အရင်ကလိုပြန်သုံးမှာမဟုတ်သေးတော့၊ ကိုယ်နဲ့ အဆက်အသွယ်မပြတ်ချင်တွေသူတွေအတွက် blog တစ်ခုပြန်အစပြုတဲ့သဘောပါပဲ။ အရင်ကဆို ပြည်တွင်းမှာ လုပ်တဲ့သူလက်ချိုးရေလို့ရပြီး၊ နားလည်တဲ့သူဆိုတာ နည်းပညာအသိုင်းအဝိုင်းမှာပဲရှိတဲ့ AI နည်းပညာက အခုဆို လူတိုင်းပါးစပ်ဖျားမှာ နေရာယူလာတော့၊ ကျွန်တော်လည်း ကိုယ်တတ်ထားတာလေးတွေနဲ့ ဝင်ပြီး အာခြောင်ချင်လာတာလဲပါတာပေါ့လေ။ ဟဲဟဲ။
အလုပ်အနေနဲ့ကတော့ ကျွန်တော့်ရဲ့ Base Technology ကုမ္ပဏီကို US ကိုရွှေ့ထားလိုက်ပြီး EXPA.AI အပြင်တခြား AI နဲ့ ပတ်သက်တဲ့ product အသစ်တွေဆက်တိုက်လုပ်ဖြစ်နေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အကုန်လုံးနဲ့အဆက်ဖြတ်ပြီး ဘယ်တော့မှထုတ်ပြောလို့မရနိုင်လောက်ဦးမယ့် ကိစ္စတွေအတွက်အလုပ်လုပ်ပေးရင်း၊ ကိုယ်တည်ထောင်ခဲ့တဲ့လုပ်ငန်းကိုတော့ လစ်လျူရှုခဲ့မိသလိုဖြစ်သွားလို့ ၂၀၂၂ နှောင်းပိုင်းနဲ့ ၂၀၂၃ အစမှာ တော်တော်လေးတော့ပြန်ကြိုးစားခဲ့ရတယ်။
ဒီ blog မှာ ကျွန်တော့်ဘဝအတွေ့အကြုံတွေ၊ AI နဲ့ပတ်သက်တဲ့ အကြောင်းတွေပြန်ပြောသွားမယ်။ နောက်ပြီးတော့ ဗမာပြည်ရဲ့ startup ရွှေခေတ်မှာ အပြင်ကရင်းနှီးမြှုပ်နှံမှုမယူခဲ့ဘဲ သုညကစခဲ့တဲ့ product ဦးစားပေး startup တစ်ခုအနေနဲ့၊ ၂၀၂၁ နောက်ပိုင်းမှာလည်းအသက်ရှင်ကျန်အောင်လုပ်ခဲ့ရတဲ့ အတက်အကျတွေအကြောင်းပြောပြမယ့် ပုံပြင်တွေကလည်းစိတ်ဝင်စားဖို့ကောင်းမှာပါ။ ဗမာပြည်မှာ Software-as-a-Service ဆိုတာ ဂျိုနဲ့လားမေးရမယ့်ခေတ်မှာ SaaS product လုပ်ခဲ့ပြီး၊ အခုလည်း Enterprise တွေက ငွေကိုဘုံးဘောလအော အရင်လိုမသုံးတော့တဲ့ခေတ်မှာ enterprise product တွေကို SaaS စနစ်နဲ့ ဘယ်လိုတွေရောင်းနေတယ်ဆိုတာတွေ ပြောရင်လဲ စိတ်ဝင်စားကြမယ်ထင်တာပါပဲ။ အဲဒါတွေအပြင် ကျွန်တော်ပြောပြချင်တာတွေ ပြောပြသွားမှာဆိုတော့ စိတ်ဝင်စားရင် ကျွန်တော့်ကို ဒီနေရာအသစ်လေးမှာ Subscribe လုပ်ထားပြီး ပြန်စောင့်ကြည့်နိုင်ပါတယ်။
ကျွန်တော့်ကိုဆက်သွယ်ချင်ရင်တော့ ကျွန်တော့်ရဲ့ facebook account က messenger မှာအမြဲရှိပါတယ်။ deactivate လုပ်ထားခဲ့ရင်လည်း messenger တော့သုံးဖြစ်တာမလို့ အဲဒီကနေ အမြဲဆက်သွယ်လို့ရပါတယ်။
လောလောဆယ်တော့ ဒီနေရာအထိလာပြီး၊ ဒီစာကိုဖတ်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အာ့ကြောင့် Facebook မှာ မတွေ့တာ ကြာပြီလို့ ။