သို့
ချစ်ရတဲ့ ဖေကြီး
ဖေကြီး မရှိတော့တာ ဒီနေ့ဆို လေးနှစ်တောင် ပြည့်ခဲ့ပြီ… ဒါပေမဲ့ သားအတွက်တော့ မနေ့တစ်နေ့ကလိုပါပဲ… ဖေကြီးမရှိတော့တဲ့ နေ့ရက်တိုင်းက အခုထိ အရမ်းကိုလေးလံပါတယ်… ဖေကြီး တကယ်မရှိတော့ဘူးဆိုတာကိုလဲ အခုထိ အိပ်မက်လိုပါပဲ… ဖေကြီးရဲ့ အသံတွေ၊ ဖေကြီးပြောနေကြ စကားတွေ… အထူးသဖြင့် နောက်ဆုံးပြောသွားတဲ့ စကားတွေကို အခုထိကြားယောင်နေတုန်းပါပဲ…နောက်ဆုံးအချိန်ထိတောင် ဖေကြီးက ကိုယ့်အတွက်မဟုတ်ဘဲ သားတို့အတွက်ပဲ စဉ်းစားပေးနေခဲ့တာ…
ဖေကြီးက ဘဝတစ်လျှောက်လုံး အမြဲတမ်း ပေးဆပ်ခဲ့တယ်… သားတို့ မိသားစုအတွက်၊ ဆွေမျိုးသားချင်းတွေအတွက်၊ အကူအညီလိုတဲ့သူတိုင်းအတွက်… ဖေကြီးက အားလုံးကို အရိပ်အာဝါသပေးတဲ့ သစ်ပင်ကြီးတစ်ပင်လိုပဲ ဖေကြီးရဲ့ အရိပ်အောက်မှာ လူတိုင်းက အေးချမ်းစွာ ခိုလှုံနိုင်ခဲ့ကြပါတယ်… အမျိုးအဆွေကို စောင့်လျှောက်တိုင်းမှာလဲ ဘယ်တော့မှ ပြန်ရဖို့ကို မမျှော်လင့်ခဲ့ဘဲ၊ ကူညီဖို့ ပေးဆပ်ဖို့ပဲ သိခဲ့တာ… အရာအားလုံးကို သား လွမ်းတယ်..
ဖေကြီးရှိနေခဲ့တုန်းက သားတို့အနေနဲ့ ဘာမှပူပင်စရာမလိုခဲ့ဘဲ အစစအရာရာတည်ငြိမ်ပြီး လုံခြုံစေလို့ စိတ်ကြိုက်စွန့်စားလို့ရခဲ့တယ်… အမြဲတမ်းနွေးထွေးတဲ့ မေတ္တာကိုလည်း လွမ်းတယ်… အခုတော့ သားက အိမ်နဲ့ဝေးတဲ့ အမေရိကားကို ရောက်နေပါပြီ… ဖေကြီးရှိတုန်းက ဖေကြီးက “ငါ့မှာတော့ ပိုက်ဆံရှာပြီး နိုင်ငံခြားပို့ပေးချင်တာတောင် မင်းတို့က မသွားကြဘူး”ဆိုပြီး အမြဲပြောခဲ့ရပေမယ့် အခုတော့လဲ ဖေကြီးပြောတဲ့ “အမေရိကားကတော့ အရမ်းဝေးလွန်းတယ်” လို့ ပြောခဲ့တဲ့ အရမ်းဝေးတဲ့ နိုင်ငံကို ရောက်နေပြန်ပါပြီ…
မေကြီးနဲ့ ညီမလေးတွေနဲ့ အဝေးမှာနေရတာ အရမ်းကိုခက်ခဲပါတယ်… ဒီလိုနေ့မျိုးမှာ ပိုတောင် ခက်ခဲပါသေးတယ်… သူတို့ကိုလည်း အရမ်းလွမ်းတယ်… တခါတလေဆိုရင် အိမ်ကိုပဲ ပြန်ချင်မိတယ်… အခုလုပ်နေတဲ့ အရာတွေက တကယ်ကော အရေးပါတဲ့အရာတွေလား.. ဖေကြီးသာရှိရင်တော့ ဂုဏ်ယူမဆုံးဖြစ်နေမှာဆိုပေမယ့်လဲ၊ အခု ကျန်ခဲ့တဲ့ အချိန်တွေမှာ မိသားစုနဲ့ မနေရတာက တကယ်ကော တန်ရဲ့လားဆိုတာ မပြောတတ်တော့ပါဘူး…
ဖေကြီးရဲ့ အမှတ်တရတွေရှိတဲ့ နေရာတွေ၊ ဖေကြီးရဲ့မေတ္တာကို အခုထိ အမှတ်ရနေကြတဲ့ လူတွေရဲ့အနားမှာပဲ နေချင်မိတယ်…
သား အခုထိ ကိုယ့်ကိုယ်ကို အမြဲပြန်တွေးနေမိသေးတာကတော့… ဆေးရုံထဲမှာ ၁ လနေခဲ့ရတဲ့ ကာလမှာ ငါ ဒီထက်ပိုပြီး လုပ်ပေးနိုင်ခဲ့သသင့်တာ… ငါ ပိုပြီး သိခဲ့သင့်တာဆိုတာပါပဲ… ဖေကြီးပြောတဲ့ “ငါနေကောင်းရင် မင်းတို့ကို ပြုစုနည်းသင်ပေးရဦးမယ်”ဆိုတာကိုလဲ အခုထိအမှတ်ရနတုန်းပါပဲ… သား ဖေကြီးကို စိတ်ပျက်စေခဲ့မိလား… ကြိုးစားမှုတွေ မလုံလောက်ခဲ့ဘူးလား ဆိုတဲ့အတွေးတွေက သားကို အခုထိအမြဲခြောက်လှန့်နေပါတယ်… ဒါပေမဲ့ ဖေကြီးက နောက်ဆုံးထွက်သက်အထိတောင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ သားတို့အတွက်.. အိမ်ပြန်ရောက်ရင် အဆင်ပြေဖို့အတွက်တွေ ကြိုစီစဉ်သွားခဲ့တယ်…
သားတို့အတွက်တော့ ကံကောင်းလွန်းလို့ ရခဲ့တဲ့ အဖေတစ်ယောက်ပါပဲ…
ဖေကြီး အခုချိန်မှာ အေးချမ်းတဲ့ ဘုံဘဝမှာ ငြိမ်းချမ်းနေလောက်ပြီလို့ မျှော်လင့်ပါတယ်… ဖေကြီးက သားတို့အတွက် ဘယ်လောက်ထိတောင် စံပြဖြစ်ခဲ့ရလဲ၊ ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ချစ်ရလဲဆိုတာကို တစ်နည်းနည်းနဲ့ သိနေမလားလို့လည်း မျှော်လင့်မိပါတယ်… ဖေကြီးတစ်သက်လုံး အလုပ်နဲ့သက်သေပြပေးခဲ့တဲ့ ခွန်အားတွေ၊ ဂရုစိုက်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေကို သား အမြဲတမ်း အမှတ်ရနေမှာပါ
ဖေကြီးက သားတို့ရဲ့ ထာဝရသူရဲကောင်းပါပဲ