အာဏာရှင်အိုကြီးတွေ သေသွားရုံနဲ့ ကျွန်တော်တို့ မလွတ်မြောက်နိုင်သေးပါဘူး
အာဏာရဲ့ ရုပ်ပြောင်း သဘောပြောင်း သဘာဝ
ဒီနေ့ကမ္ဘာပေါ်က အာဏာရှင်တွေကို ကြည့်လိုက်ရင် အံ့ဩစရာကောင်းလောက်အောင် အသက်ကြီးနေကြပြီဆိုတာကို သတိထားမိကြမှာပါ။ ကင်ဂျုံအန် တစ်ယောက်ပဲ ခြွင်းချက်အနေနဲ့ ငယ်နေတာ။ အသက် ၇၀ ကျော်၊ ၈၀ ကျော် အဘိုးကြီးတွေက နိုင်ငံကြီးတွေရဲ့ အာဏာကိုကိုင်ထားတဲ့ ဒီနှစ်အပိုင်းအခြားကို လွန်ပြီးရင် ကမ္ဘာကြီးက ပိုကောင်းလာတော့မယ်လို့ လူအများစုက မျှော်လင့်ထားကြတယ်။ "ခေတ်ဟောင်းကြီးတစ်ခုရဲ့ နောက်ဆုံးအခန်းကဏ္ဍပဲ၊ သူတို့သေရင် အားလုံးအေးချမ်းသွားတော့မှာ" ဆိုပြီး မျှော်လင့်ကြတာပေါ့။
သူတို့မှာ တူညီတာက အသက်ကြီးတာတစ်ခုတည်း မဟုတ်ဘူး။ သူတို့က လူမျိုးရေး၊ ဘာသာရေးတွေကို လက်နက်လို အသုံးချတယ်။ နိုင်ငံရေးအတိုက်အခံကို နိုင်ငံရဲ့ ရန်သူတော်ကြီးလို ပုံဖော်တယ်။ သူတို့ခေါင်းထဲ စွဲနေတဲ့ စိတ်ပိုင်းဆိုင်ရာ အမာရွတ်က ၂၀ ရာစုအလယ်ပိုင်းက ရခဲ့တဲ့ဟာတွေ။ တစ်ယောက်နိုင်ရင် တစ်ယောက်ရှုံးရမယ် (zero-sum) ဆိုတဲ့ အတွေးအခေါ်၊ ရှင်သန်ဖို့ဆိုရင် တခြားသူကို လွှမ်းမိုးထားမှဖြစ်မယ်၊ အင်အားကြီးတယ်ဆိုတာ စစ်အင်အားပဲ၊ လုံခြုံတယ်ဆိုတာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တာပဲလို့ သူတို့ယုံကြည်တယ်။ စစ်အေးခေတ်ရဲ့ ကြောက်လန့်မှုတွေ၊ ကိုလိုနီခေတ်လွန်ရဲ့ စိတ်ဒဏ်ရာတွေက သူတို့ကို ပုံသွင်းခဲ့တယ်။ သတင်းအချက်အလက်ကို ထိန်းချုပ်လို့ရတယ်၊ နယ်နိမိတ်တွေက အရင်လိုပဲ အရေးကြီးတယ်၊ အကြမ်းပတမ်း နိုင်ငံတော်အာဏာကသာ အရာရာအဆုံးအဖြတ်ပေးတယ်လို့ ယုံကြည်တဲ့ မျိုးဆက်ပေါ့။
ဒီမျိုးဆက်ကြီးက သက်တမ်းကုန်ခါနီးပြီမလို့၊ သူတို့တွေသာမရှိတော့ရင် သူတို့ရဲ့ အာဏာရှင်စနစ်ပုံစံတွေပါ တစ်ခါတည်း သေဆုံးသွားလိမ့်မယ်လို့ ယုံကြည်ချင်စရာကောင်းပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာမွေးတဲ့ ခေါင်းဆောင်ငယ်တွေက ပွင့်လင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုလိုလားလိမ့်မယ်လို့ ထင်ချင်စရာပါပဲ။
ဒါပေမဲ့ သမိုင်းကြောင်းပြန်ကြည့်လိုက်မယ်ဆိုရင်တော့ တွေးစရာတွေ အများကြီးပေါ်လာနိုင်ပါတယ်။
မျိုးဆက်တိုင်းက "ငါတို့ကတော့ မတူတော့ဘူး" လို့ အမြဲကြွေးကြော်ခဲ့ကြတယ်။ ပြင်သစ်တော်လှန်ရေးသမားတွေက ဘုရင်နဲ့ မှူးမတ်တွေကို ခေါင်းဖြတ်သတ်လိုက်ရင် အာဏာရှင်စနစ်ကြီး အဆုံးသတ်ပြီလို့ထင်ခဲ့တယ်။ ၁၉၆၀ ခုနှစ်တွေက အမေရိကန်လူငယ်တွေက "ငါတို့ဘယ်တော့မှ အစိုးရမလုပ်ဘူး" (never become “the man”) လို့ ကြွေးကြော်ခဲ့ကြတယ်၊ နောက်ဆုံးတော့ သူတို့ကိုယ်တိုင် အစိုးရဖြစ်လာကြတယ်။ ၂၀၂၁ ခုနှစ် ကျွန်တော်တို့တွေဟာလဲ “၂၁ မှာဒီအချိုးတွေ လာမချိုးနဲ့” ဆိုပြီး ပြောခဲ့ကြပါတယ်။
ဒီလိုပုံစံက ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမြဲတမ်း ထပ်ခါထပ်ခါဖြစ်နေတာ ဘာလို့လဲဆိုတော့ အာဏာက မျိုးဆက်မရွေး လူကိုဖျက်ဆီးတတ်လို့ပါပဲ။ အာဏာရပြီးတဲ့နောက် အထီးကျန်ဆန်လာတာ၊ ကိုယ့်ကိုထောက်ခံတဲ့သူတွေရဲ့ စကားကိုပဲ နားထောင်မိတာ၊ ထိန်းချုပ်ရတဲ့ အရသာကို စွဲလမ်းသွားတာ၊ ဒါတွေက မျိုးဆက်တစ်ခုရဲ့ ပြဿနာမဟုတ်ဘဲ လူတွေအားလုံးရဲ့ အားနည်းချက်တွေပါပဲ။
အဲဒါကြောင့် နောက်မှာ တန်းစီနေကြတဲ့ ခေါင်းဆောင်ငယ်တွေက ပိုပြီး ဒီမိုကရေစီကျလာနိုင်မယ်လို့ ပြောလို့မရပါဘူး။ သူတို့က အာဏာကို ပိုပြီးခေတ်မီမီ၊ ပိုပြီးစနစ်တကျ အကွက်ချပြီး ကိုင်တွယ် ကျင့်သုံးတတ်လာဖို့က ပိုများပါတယ်။ အယ်လ်ဆာဗေးဒေါက ဘူကီလီ (၄၃) ကိုကြည့်၊ Twitter နဲ့ Bitcoin ကိုသုံးပြီး သူ့အာဏာကို သူတည်ဆောက်နေတယ်။ ဆော်ဒီက ဘင်ဆယ်လ်မန် (၃၉) က ခေတ်မီတဲ့ပုံစံတွေပြနေပေမဲ့ နောက်ကွယ်မှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ လူတိုင်းကို စောင့်ကြည့်နေတယ်။ ခေတ်သစ်လူငယ်ခေါင်းဆောင်တွေ နားလည်လာကြတာက အာဏာနဲ့လူကို တိုက်ရိုက်အကြမ်းဖက်တာက အလုပ်မဖြစ်ဘူး၊ ကိုယ့်ရဲ့ platform ပေါ်မှာ မှီခိုအောင်လုပ်ထားတာက ပိုထိရောက်တယ် ဆိုတာပဲ။ အင်အားသုံးပြီး မြင်သာတဲ့ အာဏာရှင်စနစ်က တော်လှန်မှုတွေကို မွေးဖွားပေးလေ့ရှိတဲ့အတွက်၊ အဲ့ဒီအစား "ကြားနေ” မျှတပါတယ်ဆိုတဲ့ algorithm တွေကနေတစ်ဆင့် မမြင်ရအောင် ထိန်းချုပ်ဖို့ကြိုးစားလာကြပါတယ်။
ဒီနေ့ခေတ်မှာ ကျွန်တော်တို့ မြင်လာရမှာက အာဏာရှင်စနစ်ဟောင်းတွေ တစ်ဖြေးဖြေး အဆုံးသတ်သွားတာမျိုးမဟုတ်ဘဲ၊ မသိသာတဲ့ (ပိုပြီးကြောက်စရာကောင်းနိုင်တဲ့) ပုံစံသစ်တစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုးပါ။
ခေတ်ဟောင်းပုံစံက နိုင်ငံပိုင်မီဒီယာနဲ့ သတင်းကို ထိန်းချုပ်တယ်။ ခေတ်သစ်ပုံစံက algorithm တွေကို လိုသလိုပြင်ပြီး သတင်းကို ထိန်းချုပ်တယ်။
ခေတ်ဟောင်းပုံစံက ဗဟိုဘဏ်နဲ့ ငွေကို ထိန်းချုပ်တယ်။ ခေတ်သစ်ပုံစံက cryptocurrency ကို စည်းမျဉ်းတွေ၊ ကုမ္ပဏီကြီးတွေကနေတစ်ဆင့် ထိန်းချုပ်ဖို့ ကြိုးစားလာကြတယ်။
ဥပမာဆိုရင် Bitcoin ကို အစိုးရနဲ့ ဘဏ်တွေရဲ့ လက်ကလွတ်အောင်ဆိုပြီး ဖန်တီးခဲ့ကြတယ်။ အခုတော့ BlackRock လို ကုမ္ပဏီကြီးက Bitcoin ETF တွေရောင်းနေပြီ။ အစိုးရတွေက ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) တွေဖန်တီးနေပြီ။ နည်းပညာအရ ဗဟိုချုပ်ကိုင်မှုမရှိဘူးလို့ ဆိုနိုင်ပေမဲ့၊ အသုံးပြုနိုင်တဲ့ လမ်းကြောင်းတွေနဲ့ လူမှုအလွှာတွေကိုတော့ တစ်ဖြေးဖြေးနဲ့ ဗဟိုကပဲ ချုပ်ကိုင်လို့ရအောင် စီမံကြိုးစားလာကြပါတယ်။
ပင်လယ်ကြီးက လွတ်လပ်ပေမဲ့၊ ဆိပ်ကမ်းအားလုံးကိုတော့ ထိန်းချုပ်ထားသလိုပေါ့။
AI မှာလည်း ဒီပုံစံအတိုင်းပဲ။ OpenAI က "Open" ဆိုတဲ့နာမည်နဲ့၊ လူတိုင်းအတွက် AI ဆိုပြီးစခဲ့တယ်။ အခုတော့ သူက ကမ္ဘာပေါ်မှာ “Closed” အဖြစ်ဆုံး နည်းပညာကုမ္ပဏီဖြစ်နေပြီ။ ထရီလီယံဒေါ်လာတန််ကျေးရှိတဲ့ ကုမ္ပဏီဖြစ်ဖို့ လမ်းကြောင်းပေါ်ရောက်လာပြီးတဲ့နောက်မှာ၊ သူတို့နောက်ကလိုက်လာတဲ့ တခြားကုမ္ပဏီတွေ၊ တီထွင်ဖန်တီးနိုင်မှုအသစ်တွေ တက်မလာနိုင်အောင် "ဘေးကင်းလုံခြုံရေး" ခေါင်းစဉ်တပ်ပြီး အာဏာပိုင်တွေနဲ့ပေါင်းရင်း ဥပဒေတွေနဲ့ လှေကားဆွဲသိမ်းဖို့ အသည်းအသန် ကြိုးစားနေပြီ။ Opensource AI ကို ဆန့်ကျင်တဲ့ သူတို့ရဲ့အကြောင်းပြချက်တွေက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အသိပညာပြန့်ပွားမှာကို ကြောက်တဲ့ ရှေးက အာဏာရှင်တိုင်း ပေးခဲ့တဲ့ အကြောင်းပြချက်တွေနဲ့ တစ်ပုံစံတည်းပါပဲ။
နည်းပညာ Platform တွေက အစိုးရတစ်ပိုင်းလို ဖြစ်လာကြပြီး၊ သူတို့မှာ ကိုယ်ပိုင်ဥပဒေ၊ ကိုယ်ပိုင် ပိုင်နက် (platforms) နဲ့ ကိုယ်ပိုင်ပြည်သူ (users) တွေ ရှိလာကြတယ်။ သူတို့က အကြမ်းဖက်ခြိမ်းခြောက်တာမျိုး မလုပ်ဘူး၊ အချက်အလက်တွေနဲ့ ကြိုတင်ခန့်မှန်းပြီး လူတွေရဲ့ အပြုအမူကို လိုသလို ပြုပြင်ပြောင်းလဲပစ်လာနိုင်တယ်။ ဒါတွေက ၂၀ ရာစုကလို အကြမ်းပတမ်းကိုင်တွယ်တဲ့ အာဏာရှင်စနစ်မဟုတ်ဘဲ၊ ပိုပြီး သိမ်မွေ့၊ ပိုပြီး လွှမ်းခြုံနိုင်တဲ့ စနစ်သစ် တစ်ခုဖြစ်လာတာပါပဲ။ အာဏာရှင်စနစ်သစ်က အကျဉ်းထောင်တွေမလိုဘဲ၊ ဒေတာတွေရှိရင်ရပါပြီ။
ဒီတော့ တကယ်တမ်းမှာ ကျွန်တော်တို့မြင်ရမှာက အာဏာရှင်ဟောင်းတွေပြိုကျသွားမှာမျိုးထက်၊ အာဏာရဲ့ ထာဝရ စုစည်းလိုတဲ့ သဘောတရားကိုပဲ ပိုပြီးထင်ထင်ရှားရှား မြင်လာကြရမှာပါ။ ရေက နိမ့်ရာကို အမြဲစီးသလို၊ အာဏာဆိုတာကလည်း တစ်နေရာတည်းမှာ ပြန်စုစည်းဖို့ အမြဲကြိုးစားနေတာပါ။
နောက်တက်လာမယ့် မျိုးဆက်သစ် အာဏာရှာဖွေသူတွေက ခေတ်သစ်အာဏာအတွက် operating system ကို update လုပ်ဖို့ကြိုးစားရှာဖွေနှင့်နေကြပြီးပါပြီ။ ပိုင်ဆိုင်မှုတွေကို ချုပ်ကိုင်တာထက် လုပ်ငန်းစဉ် (protocol) တွေကို ချုပ်ကိုင်တာက ပိုအရေးကြီးမှန်း သူတို့သိကြပါတယ်။ Bitcoin နဲ့ပဲဥပမာပြောရရင်၊ အနာဂတ်မှာ အာဏာရှိဖို့က Bitcoin အားလုံးကို ပိုင်စရာမလိုဘူး၊ Bitcoin ဝယ်တဲ့၊ ရောင်းတဲ့ လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရင် ပြီးပြီ။
ဒါဟာ Thomas Hobbes ပြောတဲ့ "အားလုံးက အားလုံးကို စစ်ပြုနေကြခြင်း" ဆိုတဲ့ အတွေးအခေါ်တွေလိုပါပဲ။
အဲဒါကြောင့် နောက်တက်လာကြမယ့် ခေါင်းဆောင်သစ်တွေက အာဏာရအောင် ကြိုးစားကြမှာလား၊ မကြိုးစားကြဘူးလား မေးရမှာ မဟုတ်ဘဲ၊ သူတို့လဲ အာဏာရှာကြတာပါပဲလားဆိုပြီး စိတ်ပျက်ကြရမှာမဟုတ်ဘဲ (ဘာလို့ဆို အာဏာလက်ထဲရောက်အောင် သူတို့ ရှာကြမှာပဲ)၊ အဓိက မေးကြရမှာက အဲ့ဒီအာဏာရှာလိုစိတ်ကို ဖျက်ဆီးတဲ့ဘက်မရောက်ဘဲ အကျိုးဖြစ်ထွန်းတဲ့ဘက်ကို ရောက်အောင် ဘယ်လိုစနစ်တွေ တည်ဆောက်မလဲ ဆိုတာပဲ။
အာဏာက ရေလိုပဲဆိုတဲ့ ဥပမာပြခဲ့ပေမယ့်၊ လူ့သမိုင်းမှာက ဒီရေလို စီးဆင်းတဲ့ သဘာဝတရားတွေကို ဒီအတိုင်း လက်ခံခဲ့တာမဟုတ်ဘူး။ ရေကို ထိန်းကျောင်း၊ လမ်းလွှဲပြီး လိုအပ်သလို အကျိုးရှိရှိ အသုံးချခဲ့ကြပါတယ်။ ရေက နိမ့်ရာကိုစီးတာမှန်ပေမဲ့၊ ကျွန်တော်တို့က ဆည်တွေဆောက်ပြီး လျှပ်စစ်ထုတ်တယ်၊ တူးမြောင်းတွေဖောက်ပြီး မိုးခေါင်တဲ့မြေတွေကို စိမ်းလန်းစေနိုင်ခဲ့ပါတယ်။
ဒီသဘောအတိုင်းပါပဲ၊ အာဏာရဲ့ စုစည်းလိုတဲ့ သဘာဝကို ကျွန်တော်တို့ အတန်အသင့်တော့ ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ ဒီထိန်းကျောင်းမှုက တစ်ကြိမ်တည်းနဲ့ပြီးသွားတဲ့ တော်လှန်ရေးမျိုးမဟုတ်ပါဘူး။ တော်လှန်ရေးတိုင်းမှာ လူတော်တော်တော်များများက တော်လှန်ရေးပြီးရင်ပြီးပြီလို့ ထင်တတ်ကြတယ်။ တကယ်တော့ ဒီလုပ်ငန်းက စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းနေရတဲ့ အင်ဂျင်နီယာပညာရပ်တစ်ခုလိုပါပဲ။
အဲဒါကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးမှာ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ စနစ်တွေတည်ဆောက်နေတဲ့ opensource developer တွေ၊ အာဏာကို စောင့်ကြည့်နေတဲ့ သတင်းသမားတွေ၊ ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ပွင့်လင်းမှုကိုတောင်းဆိုတဲ့ သာမန်ပြည်သူတွေ လိုအပ်ပါတယ်။
အာဏာသံသရာဆိုတာ ကံဆိုးလို့ကြုံကြရတဲ့ ကံကြမ္မာမဟုတ်ဘဲ၊ သဘာဝရဲ့ ဆွဲငင်အားလို အမြဲရှိနေမယ့် စွမ်းအားတစ်ခုအဖြစ် အရှိတရားအတိုင်းရှုမြင်နိုင်မယ်ဆိုရင်၊ အဲဒီဆွဲငင်အားကို အကျိုးရှိတဲ့ဘက်ရောက်အောင်၊ တစ်နေရာတည်းမှာ စုပြုံမသွားအောင် စနစ်တွေ၊ ဖွဲ့စည်းပုံတွေကို စဉ်ဆက်မပြတ် တည်ဆောက်လာနိုင်မှာပါ။
“အားလုံးက အာဏာရှင်တွေပါကွာ” ဆိုပြီး မျှော်လင့်ချက်မဲ့ အရှုံးပေးလိုက်ကြဖို့မဟုတ်ဘဲ၊ ထာဝရနိုးကြားမှုနဲ့ ထိန်းကျောင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် တည်ဆောက်နေဖို့ပဲ ဖြစ်ပါတယ်။
အာဏာရှင်အိုကြီးတွေ သေမယ့်ရက်၊ (ဘယ်လိုတော်လှန်ရေးမဆို) တော်လှန်ရေးအောင်မြင်ခဲ့ရင် နိုင်ငံရေးအပြောင်းအလဲကို ယူဆောင်လာနိုင်မယ်၊ ကမ္ဘာသစ်ပေါ်လာမယ်လို့ ယုံကြည်ပြီး ထိုင်စောင့်နေတာက အန္တရာယ်များတဲ့ ဖြေသိမ့်မှုတစ်ခုပါ။ “ကယ်တင်ရှင်မျိုးဆက်သစ် ရောက်လာတော့မယ်" ဆိုတဲ့ ဒီအတွေးက ကျွန်တော်တို့ကို ပျင်းရိစေပြီး ခိုင်မာတဲ့စနစ်တွေ တည်ဆောက်ဖို့ မေ့နေစေတတ်ပါတယ်။
အာဏာဆိုတာက တစ်ဦးတစ်ယောက် သေတာနဲ့အတူ ပျောက်မသွားပါဘူး၊ တခြားတစ်ယောက်ဆီ ကူးပြောင်းသွားတာကို ယေဘူယျ လက်ခံကြမယ်ထင်ပါတယ်။ အာဏာရှင် အသစ်တွေက မင်းအောင်လှိုင်တို့၊ ပူတင်တို့၊ ရှီကျင့်ဖျင်တို့လို ပုံစံမျိုးနဲ့ လာမှာမဟုတ်ဘဲ တီထွင်ဖန်တီးရှင်ကြီးတွေ၊ ဆန်းသစ်မှုရဲ့ ချန်ပီယံတွေ၊ ဘေးကင်းလုံခြုံရေးအတွက် စကားပြောသူတွေလို ပုံစံမျိုးနဲ့ လာလိမ့်မယ်။ သူတို့က ကာကွယ်စောင့်ရှောက်မှု၊ ထိရောက်မှု၊ အကောင်းဆုံးဖြစ်အောင်လုပ်မှုဆိုတဲ့ စကားလုံးတွေကိုသုံးပြီး အာဏာရှင်အိုကြီးတွေ အိပ်မက်တောင် မမက်ဖူးတဲ့ ထိန်းချုပ်မှုစနစ်တွေကို တည်ဆောက်သွားကြပါလိမ့်မယ်။
၂၁ ရာစုရဲ့ အာဏာရှင်စနစ်သစ်တွေက နယ်နိမိတ်မရှိတဲ့ “ကော်ပိုရိတ် ပဒေသရာဇ်စနစ်” အဖြစ်နဲ့ မသိမသာဝင်ရောက်လာကြမှာပါ။ တစ်ချို့နေရာတွေမှာဆို ဒီအရိပ်အယောင်ကိုစပြီးတော့ မြင်နေကြရပါပြီ။
ဒါတွေကိုထိန်းကျောင်းဖို့အတွက်တော့ နည်းပညာရဲ့ ဒီဇိုင်းထဲမှာကတည်းက ပွင့်လင်းမြင်သာမှု၊ သုံးစွဲသူတွေရဲ့ ပိုင်ဆိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေကို ထည့်သွင်းတည်ဆောက်ကြဖို့လိုနေပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေကို သာမန်စီးပွားရေးလုပ်ငန်းလိုမဟုတ်ဘဲ၊ ရှေ့နေတွေ၊ ဆရာဝန်တွေလိုပဲ သုံးစွဲသူရဲ့အကျိုးစီးပွားကို ရှေးရှုရမယ်ဆိုတဲ့ ဥပဒေအရ တာဝန်ရှိသူတွေ အဖြစ် သတ်မှတ်ကြဖို့လဲ ကြိုးစားနေဖို့လိုပါတယ်။ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်နေတဲ့ ဒီအာဏာပုံစံအသစ်ကို ထိန်းကျောင်းဖို့အတွက် တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အခြေခံ “ဒစ်ဂျစ်တယ် အခွင့်အရေး” စံနှုန်းတွေ လိုအပ်လာပါတယ်။
အာဏာရှင်အိုကြီးတွေ တစ်ချိန်မှာ သေသွားကြမှာ မှန်ပေမယ့်၊ အာဏာက နည်းပညာတွေ၊ အဖွဲ့အစည်းတွေကနေတစ်ဆင့် ဘယ်လိုပုံစံပြောင်းသွားမလဲဆိုတာကို ကျွန်တော်တို့သေချာထိန်းကျောင်းမကြည့်နိုင်ရင်တော့ ခေတ်ဟောင်းအာဏာရှင်စနစ်နေရာမှာ ခေတ်သစ် version နဲ့ အစားထိုးခံရရုံပဲ ရှိပါလိမ့်မယ်။ Dynamic က အတူတူပဲ၊ User Interface (UI) ကောင်းသွားတာပဲရှိတယ်။
အာဏာရှင် အဘိုးကြီးတွေသေတာကို ထိုင်စောင့်နေတာ၊ အာဏာရှင်ကို တိုက်ထုတ်နေကြတဲ့ လူငယ်ခေါင်းဆောင်သစ်တွေရဲ့ အောင်မြင်မှုကို ထိုင်စောင့်နေတာထက်၊ ဘယ်သူပဲအာဏာကိုင်ကိုင်၊ ဘယ်လိုနည်းပညာပဲသုံးသုံး၊ လူသားတွေရဲ့ ထာဝရလွှမ်းမိုးလိုစိတ်ကို ကြံ့ကြံ့ခံနိုင်မယ့် စနစ်တွေကိုလဲ ကြိုတင်တည်ဆောက်ကြဖို့ လိုပါလိမ့်မယ်။
ကျွန်တော်တို့ကို ခြောက်လှန့်နေသင့်တဲ့ မေးခွန်းက "ဒီအဘိုးကြီးတွေ ဘယ်တော့သေမှာလဲ" ဆိုတာမဟုတ်ဘဲ၊ "သူတို့ထက် နည်းပညာပိုကျွမ်းပြီး ပိုစနစ်ကျတဲ့ သူတို့ရဲ့မျိုးဆက်သစ်တွေက ဒီနေ့ အာဏာရှင်စနစ်ကိုတောင် ကလေးကစားစရာဖြစ်သွားစေမယ့် ထိန်းချုပ်မှုပုံစံတွေ မဖန်တီးနိုင်အောင် ငါတို့ ဘာတွေတည်ဆောက်နေကြပြီလဲ" ဆိုတာပဲ ဖြစ်ပါတယ်။